အဆင့်မြင့်ပညာကဏ္ဍ
တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း (တတိယအကြိမ်)
၂၀၂၅ ခုနှစ်၊ မေလ
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့်အခြေခံပညာ ပြီးမြောက် ထားသည့် ကျောင်းသား၊ ကျောင်းသူအမြောက်အမြားသည် ယနေ့အချိန်အထိ တရားမဝင် စစ်ကောင်စီ၏ ယန္တရားကို ဆန့်ကျင်လျက် စီဒီအမ်ပြုလုပ်လျက်ရှိကြသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
- ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကြားကာလတက္ကသိုလ် (၁၆) ခု၏ (ပထမအကြိမ်) ဝင်ခွင့် ကို ခေါ်ယူခဲ့ပြီးလည်းဖြစ်သည်။
- ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းတွင် ကြားကာလတက္ကသိုလ် (၂၀) ခု၏ (ဒုတိယအကြိမ်) ဝင်ခွင့် ကို ခေါ်ယူခဲ့ပြီးလည်းဖြစ်သည်။
- ယခု တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို ကြားကာလ တက္ကသိုလ် (၁၄) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၄၃) ခု အတွက် စုပေါင်းခေါ်ယူကြခြင်းဖြစ်သည်။
- ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (တတိယအကြိမ်) တွင် တက္ကသိုလ်ဝင်ခွင့် လက်ခံဆောင် ရွက်မည့် တက္ကသိုလ် (၁၄) ခုတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ပေးအပ်မည့် ဘွဲ့၊ ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ်တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေးသတ်မှတ် ချက်များနှင့် ဝင်ခွင့်စတင်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ်ဖော်ပြထားသည်။
- သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ ကြားကာလ တက္ကသိုလ် များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
- ဤ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသားကျောင်းသူများသည် မြန်မာပညာရေးစနစ် (Myanmar Education System – MES) မှတစ်ဆင့် လျှောက်ထားကြရမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် MES မှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်းလမ်းညွှန်အား ပြုစုထုတ်ပြန်ထားပါသည်။ အသေးစိတ်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၏တရားဝင် Telegram Channel ဖြစ်သည့် Uni Handbook FAQ Channel @ NUG-MoE (သို့မဟုတ်) သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၏ Facebook/Website နှင့် Email များတွင် သွားရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။
ပထမနှစ်၀င်ခွင့်လက်ခံဆောင်ရွက်မည့် တက္ကသိုလ်များ
- မြန်မာ့နွေဦးတက္ကသိုလ် – Myanmar Nway-Oo University (MNOU)
- နွေဦးဆရာအတတ်ပညာတက္ကသိုလ် – Spring Normal University (SNU)
- သင်ကြားရေးအတတ်ပညာတက္ကသိုလ် – University of Teaching (UoT)
- နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
- နည်းပညာတက္ကသိုလ် (လွိုင်ကော်) – Technological University (Loikaw)
- National University of Computer Studies (NUCS)
- သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် – University of Forestry and Environmental Science (UFES)
- ဆေးတက္ကသိုလ် (မကွေး) – University of Medicine-Magway (UM Mgy)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) – Universities of Dental Medicine (UDM – Yangon, Mandalay)
