- သင်ကြားရေးအတတ်ပညာတက္ကသိုလ်သည် ကြားကာလ နှင့် အသွင်ကူးပြောင်းရေးကာလတို့တွင် ဆရာအတတ်ပညာကိုပညာရပ်အထူးပြုလမ်းကြောင်းများဖြင့် သင်ကြားပေးနေသောတက္ကသိုလ်တစ်ခုဖြစ်သည်။
- တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်ကြားရေးအစီအစဉ်များ သင်ကြားပေးနေရုံသာမက ဆရာအတတ်ပညာ သင်တန်းတစ်ခုခု ကိုတက်ရောက်ခဲ့ခြင်း မရှိသေးသော စေတနာ့ ဝန်ထမ်းဆရာများကိုလည်း ဆရာအတတ်ပညာများ ပို့ချပေးလျက်ရှိပါသည်။
- သင်ကြားသင်ယူမှုအစီအစဉ်များကို Virtual Learning Platform တစ်ခု ကို ပြင်ဆင်ကာ ကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူမှု (Self-Study) ပြုလုပ်ခြင်း၊ ဆရာ နှင့်ကျောင်းသား အပြန်အလှန် ဆက်သွယ်နိုင်သော Zoom Live Session များ ဆောင်ရွက်ခြင်းတို့ဖြင့် လေ့လာသင်ယူနိုင်ပါသည်။
- ဘာသာရပ်များအားလုံးတွင် သင်ယူ လေ့လာရမည့် course books များ၊သင်ခန်းစာ Power Point များ၊ Recorded video များ အပြင် တတ်မြောက်မှုကိုစစ်ဆေးသည့် လေ့ကျင့်ဖြေဆိုရမည့် မေးခွန်း Quizzes များ၊ Assignment များ၊ Forum Discussion များ၊ Reflection Journal များပါရှိမည်ဖြစ်ပါသည်။
- ဘာသာရပ်စုစုပေါင်း (၁၄) ခုကိုလေ့လာသင်ယူရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုစီ၌ သင်ယူပြီး မြောက်မှုစစ်ဆေးသော Formative & Summative Assessment ထည့်သွင်း ဆောင်ရွက် ထားပါသည်။
- ဘာသာရပ်တိုင်းရှိ သင်ခန်းစာများကို အနည်းဆုံး(၆၀) ရာခိုင်နှုန်းစီ ပြီးစီးမှသာ သင်ယူမှုပြီးမြောက်သည်ဟု သတ်မှတ်ပါသည်။
- တက္ကသိုလ်သမိုင်း
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသည် မြန်မာနိုင်ငံတွင် သမိုင်းစဉ်လာ ကြီးမားသော တက္ကသိုလ်များအနက် အဆင့်မြင့်သစ်တောပညာစတင်ခဲ့သည်မှရေတွက်သော် နှစ်ပေါင်း (၉၉) နှစ်ရှိပြီဖြစ်သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောသင်တန်းကျောင်း (Forestry Technological Vocational Training School)တစ်ခုကို ၁၈၉၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ဖွင့်လှစ်ခဲ့ပြီး အဆင့်အနေဖြင့် သစ်တောပညာရပ်ကို သင်ကြားခဲ့ခြင်းကို စတင်ခဲ့ပါသည်။ ၁၉၂၃ ခုနှစ်ဝန်းကျင် သစ်တောပညာကို တက္ကသိုလ်အဆင့် အဆင့်မြင့်ပညာရပ်တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ် အောက်တွင် စတင်သင်ကြားခဲ့ပါသည်။ ၁၉၂၅-၁၉၂၆ ခုနှစ်တွင် သစ်တောပညာဌာနကို ဖွဲ့စည်းခဲ့ပြီး သစ်တောပညာများကို တိုးချဲ့သင်ကြားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၅ ခုနှစ်မှ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးသည်ထိ သစ်တောပညာသင်တန်းကို သင်ကြားပေးနိုင်ခြင်းမရှိဘဲ (၁၅)နှစ်ခန့် ပိတ်ထားခဲ့ရပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှအစိုးရလက်အောက်မှ ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် (၂)နှစ်အကြာ ၁၉၅၀ခုနှစ်ပြည့်နှစ်တွင် သစ်တောပညာသင်တန်းကို ရန်ကုန်တက္ကသိုလ်၏ သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) အဖြစ် သီးခြားဌာနအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်ကာ ရန်ကုန်မှ ရေဆင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အောက်တွင် သစ်တောပညာဌာန အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ အာရှတွင်းရှိနိုင်ငံများဖြစ်သော နီပေါ၊ ထိုင်းစသည့်နိုင်ငံများမှ နိုင်ငံခြားကျောင်းသားများပင် လာရောက်ပညာယူကြသည့် သစ်တောပညာအား အာရှနိုင်ငံများအတွင်းသို့ ပျံ့နှံ့စေသည်ကဏ္ဍတွင် အရေးပါသော ဌာနတစ်ခုဖြစ်ခဲ့သည့် သမိုင်းအစဉ်အလာကြီးမားခဲ့သည်။ ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အောက်မှ ခွဲထွက်ကာ သစ်တောတက္ကသိုလ် (Institute of Forestry)အဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် သစ်တောတက္ကသိုလ် (University of Forestry)အဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ် အောက်တိုဘာ (၁၀)ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (University of Forestry and Environmental Science)အဖြစ်လည်းကောင်း အမည်များ အဆင့်ဆင့်ပြောင်းလဲကာ ရေဆင်းနယ်မြေတွင် သစ်တောပညာရပ်အပြင် ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်များကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ - လက်ရှိတည်နေရာ
လက်ရှိကာလတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းးသည် မြန်မာနိုင်ငံ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရေဆင်းတွင် တည်ရှိပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် သစ်တောသုတေသနဌာန စသည့် သုတေသနဌာန၊ တက္ကသိုလ်များနှင့်အတူ ယှဉ်တွဲတည်ရှိနေပါသည်။
- ဆေးတက္ကသိုလ်-မကွေးသည် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ်ငါးခုအနက် တစ်ခုဖြစ်ပြီး မကွေးမြို့တွင် တည်ရှိသည်။ ယခင်က နိုင်ငံတဝှမ်းမှ ကျောင်းသားများ လာရောက်ပညာသင်ယူ ကြသည့်အတွက် “ပြည်ထောင်စုတက္ကသိုလ်”ဟု တင်စားခေါ်ဝေါ်ကြသည်။
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆရာများ၊ ကျောင်းသားများ၏ သဘောတူညီချက်ဖြင့် စစ်ကျွန်ပညာရေးစနစ်အောက်မှ လွတ်ကင်းသော တက္ကသိုလ်အဖြစ်ခံယူခဲ့ကာ ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဆေးတက္ကသိုလ်-မကွေး ယာယီတက္ကသိုလ် ကောင်စီကို CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူဟောင်းများ၊ ဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂတို့နှင့် ပေါင်းစု၍ ဖွဲ့စည်းခဲ့သည်။
- မေလ ၃၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနမှ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ (UMMGIUC) ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- ဆေးတက္ကသိုလ်-မကွေး ယာယီတက္ကသိုလ်ကောင်စီသည်
- စစ်အာဏာရှင်လက်ပါးစေတို့၏ လွှမ်းမိုးချုပ်ကိုင်မှုအဝဝမှ ကင်းလွတ်ရေး
- မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများအတွက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို ပေးစွမ်းနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်စေနိုင်ရေး
ဟူသော ရည်ရွယ်ချက်များဖြင့် ကြားကာလစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
- ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းသည့်အချိန်မှစ၍
- ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအစီအစဉ်များ
- ဆရာ/မများအတွက် ပညာရပ်ဆိုင်ရာ အရည်အချင်းမြှင့်တင်မှုများ
- သင်ယူ/သင်ကြားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ
- နိုင်ငံတကာပညာရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
- ဖက်ဒရယ်ဒီမိုကရေစီပညာရေးနှင့်အညီ ပြုပြင်ပြောင်းလဲမှုများ တို့ကိုဆောင်ရွက်ခဲ့၊ ဆောင်ရွက်လျက် ရှိပါသည်။
- မိမိတို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်/မန္တလေးသည် မြန်မာနိုင်ငံတွင် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာရပ်များကို သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်နှစ်ခုဖြစ်သည်။
- စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ယနေ့တိုင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတို့လိုအပ်သော သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများကိုပေးနေသည့် သွားနှင့်ခံတွင်း ဆရာဝန်ကောင်းများကို နှစ်စဉ်နှစ်တိုင်းမွေးထုတ်ပေးနေသည့်ကျောင်းတော်ကြီးများလည်းဖြစ်ကြသည်။
- ယခုအချိန်အခါတွင် မိမိတို့၏ကျောင်းတော်ကြီးများမှာ အဓမ္မဝါဒီများဖြစ်ကြသည့် စစ်အာဏာရှင်များနှင့် စစ်အာဏာရှင်လက်ပါးစေတို့၏ မတရားအုပ်ချုပ်မှုကိုခံနေကြရသည်။
- သို့သော် ကျောင်းတော်ကြီး၏ အရေးအကြီးဆုံး အစိတ်အပိုင်းများဖြစ်ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် အမိတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သွားဘက်ဆိုင်ရာဆေးပညာလောကမှ သွားဆရာဝန်ကောင်းများသည် သွားဘက်ဆိုင်ရာဆေးပညာရပ်နှင့် အမှန်တရားကိုချစ်မြတ်နိုးမှုတို့ကြောင့် အမှန်တရားဘက်မှ ရပ်တည်ကြကာ စစ်အာဏာရှင်များနှင့် အာဏာရှင်လက်ပါးစေများကို နည်းအမျိုးမျိုးဖြင့် ယနေ့အထိ ဆန့်ကျင်လာခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။
- သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ ယာယီတက္ကသိုလ်ကောင်စီမှ ဦးစည်းသော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်/မန္တလေးကျောင်းတော်ကြီးသည်
- အဓမ္မဝါဒီများဖြစ်ကြသည့် စစ်အာဏာရှင်နှင့် အာဏာရှင်လက်ပါးစေတို့အား ဆန့်ကျင်ရန်သော်လည်းကောင်း
- ပညာရေးလွတ်လပ်ခွင့် အနှစ်သာရနှင့်ပြည့်စုံသည့် တက္ကသိုလ်ဖြစ်လာစေရန် ရည်ရွယ်၍လည်းကောင်း
- မိမိတို့၏ကျောင်းတော်ကြီး စစ်အာဏာရှင်နှင့် အာဏာရှင်လက်ပါးစေတို့၏ လက်သို့ကျရောက်ခြင်းမှ ကာကွယ်ရန်သော်လည်းကောင်း
အထက်ဖော်ပြပါအချက်များကို ဖြည့်ဆည်းရန် ဖွဲ့စည်းထားသော ကျောင်းတော်ကြီးပင်ဖြစ်သည်။
- ဆေးတက္ကသိုလ်(၁)ရန်ကုန် သည် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆေးပညာသင်ကြားရေးဌာနကြီး ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဆရာဝန်သမားကောင်းမြောက်များစွာကို နှစ်စဉ်မွေးထုတ်ပေးနေသော ဆေးတက္ကသိုလ်ကြီးဖြစ်သည်။
- ဆေးတက္ကသိုလ်(၁)ရန်ကုန် မှ မွေးထုတ်ပေးလိုက်သော ဆရာဝန်သမားကောင်းများသည် ခေတ်အဆက်ဆက်တွင် မြန်မာပြည်သူလူထု အတွက် နေရာဒေသအသီးသီး ကဏ္ဍအသီးသီးမှနေ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။
- ထို့အပြင် နိုင်ငံအတွက်လိုအပ်လာသော အချိန်များတွင်လည်း ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်၍ မတရားမှု အဓမ္မကို ဆန့်ကျင်ခဲ့ကြသော သမိုင်းအစဉ်အလာ ရှိကြသူများလည်းဖြစ်သည်။
- ကျွန်ုပ်တို့ ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်၊ ဒီမိုကရေစီပညာရေးဆိုင်ရာစံနှုန်းများ နှင့်အညီ လွတ်လပ်သော တက္ကသိုလ်ကောင်စီအဖြစ် ရပ်တည်၍ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်းများ၏ အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဦးလည်မသုန် တစိုက်မတ်မတ် ကြိုးပမ်းလျက်ရှိသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန တို့နှင့် ပူးပေါင်း၍ ဆေးပညာသင်ကြားရေး၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ဆေးသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
- ဆေးတက္ကသိုလ်(၁)ရန်ကုန် အနေဖြင့် ဘွဲ့ကြို ( ဆေးပညာဘွဲ့ ) နှင့် ဘွဲ့လွန် ( ဆေးသိပ္ပံပညာဆိုင်ရာ ဒီပလိုမာ၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ ) သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
- ဆေးတက္ကသိုလ် – ၂ သည် မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တိုင်း တွင် တည်ရှိသည်။ ဆေးတက္ကသိုလ် – ၂ သည် ဆေးပညာဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများ (ဆေးသိပ္ပံ ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ) ကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
- ဆေး -၂ သည် မြန်မာ နိုင်ငံအတွင်း တက္ကသိုလ်ဝင်ခွင့် ခက်ခဲသော တက္ကသိုလ်များထဲမှ တခုဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ချက်များကို အခြေခံ၍ နှစ်စဉ် ကျောင်းသား ၃၀၀ ခန့် (လက်ရှိ ကျောင်းသား ၁၀၀ ဦးခန့် ) လက်ခံသင်ကြားလျက်ရှိသည်။
ဆောင်ပုဒ် – ဥပဌာနံ အနုကမ္မာ ဒယာ
တည်ထောင်သည့်နှစ် – ၁၅ ရက် ဇူလိုင် ၁၉၆၃
အဓိပတိ – ပါမောက္ခ ဒေါက်တာခင်မောင်လွင်
ဒုတိယ အဓိပတိ – ဒေါက်တာငြိမ်းချမ်းအောင်
ချိတ်ဆက်မှုများ – ပညာရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ)၊ ကျန်းမာရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ)၊ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ
- မြန်မာနိုင်ငံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသော အရည်အသွေးပြည့်သူနာပြုများအား မွေးထုတ်ပေးနိုင်ရေးအတွက် ကြားကာလအတွင်းမှာပင် သင်ကြားရေးလုပ်ငန်းများကို မရပ်မနားဆက်လက်ဆောင်ရွက်နေပါသည်။
- ကျွန်ုပ်တို့ ဆေးတက္ကသိုလ် (တောင်ကြီး) ယာယီတက္ကသိုလ်ကောင်စီသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ကြသော ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူခွင့် မဆုံးရှုံးစေရန်နှင့် စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် အစဥ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိသည်။
