Higher Education
တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း (စတုတ္ထအကြိမ်)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တယားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ပထမအကြိမ် ညီလာခံက ပေါ်ထွက်လာခဲ့သည့် ရလဒ် အမှတ်စဉ် (၁၀) အရ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက် သင်ယူနိုင်ရန် ပြည်သူ့ဘက်တော်သား များအတွက် ရည်ရွယ်ဖွင့်လှစ်ထားရှိသော အဆင့်မြင့်တက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်များ စုပေါင်းခေါ်ယူခဲ့ရာတွင် ပထမ အကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်၎င်း၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင်၎င်း၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလတွင်၎င်း အသီးသီးခေါ်ယူခဲ့ပြီးဖြစ်သည်။
စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ပါဝင်ခေါ်ယူ ခဲ့ကြသော တက္ကသိုလ်များအနက် ဝင်ခွင့်ခေါ်ယူမည့်တက္ကသိုလ်များနှင့် ဝင်ခွင့်လက်ခံရေးမူ အပြောင်းအလဲ ရှိလာသော ကြောင့် “ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် – စတုတ္ထအကြိမ်” ကိုထပ်မံထုတ်ပြန်ခြင်းဖြစ်ပါသည်။
အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကြားကာလတက္ကသိုလ်များ” ၏ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထား နိုင်ကြပါသည်။
- ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
- နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
- တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” (G-11 old & G-12 new) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
- နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ–ဘင်္ဂလားဒေ့ရှ်၊ မြန်မာ–အိန္ဒိယနှင့် မြန်မာ–ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
- သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
ဤစတုတ္ထအကြိမ်ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်ပထမနှစ်ဝင်ခွင့်လက်ခံဆောင်ရွက်မည့်တက္ကသိုလ် (၁၉) ခုတို့၏ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပေးအပ်မည့် ဘွဲ့ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေး သတ်မှတ်ချက်များနှင့် ဝင်ခွင့်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆–၂၀၂၇ပညာသင်နှစ်၊စတုတ္ထအကြိမ်၊ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် တယ်လီဂရမ်
"ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် (အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)" အကြောင်း သိလိုရာများအား စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်ပါသည်။ တယ်လီဂရမ်ချန်နယ်သို့ ဝင်ရောက်ရန် ဤလင့် ကိုနှိပ်ပါ။
ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် Facebook Page
"ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ (အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)" ၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှတဆင့် သိလိုရာများအား စုံစမ်းမေးမြန်းနိုင်ပါသည်။ ဆက်သွယ်ရန်အတွက် ဤလင့် ကိုနှိပ်ပါ။
တက္ကသိုလ်၀င်ခွင့် (စတုတ္ထအကြိမ်) လမ်းညွှန်စာအုပ်နှင့် လျှောက်ထားနည်းလမ်းညွှန်များ
တက္ကသိုလ်၀င်ခွင့် (စတုတ္ထအကြိမ်) လက်ခံဆောင်ရွက်မည့် တက္ကသိုလ်များ
- မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
- အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
- စီးပွားရေးတက္ကသိုလ်များ
- နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU)
- University of Teaching
- နည်းပညာနှင့်နှီးနွယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
- Technological University (Monywa)
- နည်းပညာတက္ကသိုလ်(စစ်ကိုင်း)
- သန်လျင်နည်းပညာတက္ကသိုလ်
- မော်လမြိုင်နည်းပညာတက္ကသိုလ်
- National University of Computer Studies (NUCS)
- သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (UFES) (သက်ဆိုင်ရာတက္ကသိုလ်သို့ သီးခြားလျှောက်ထားရပါမည်။)
- တိုင်းရင်းဆေးတက္ကသိုလ် (UTM)
- ဆေးတက္ကသိုလ် (၁) ရန်ကုန် (UM1)
- ဆေးတက္ကသိုလ် (၂) ရန်ကုန် (UM2)
- ဆေးတက္ကသိုလ် (မန္တလေး) (UMM)
- ဆေးတက္ကသိုလ် (တောင်ကြီး) (UMT)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ (UDM)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
- သူနာပြုတက္ကသိုလ် (မန္တလေး) (UNM)
